ကိုယ်ဝန်ဆောင်ကာလမှာ အစေ့အဆန်တွေ စားပေးပါ
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ရင်သွေးလေးပါ ကျန်းမာစေဖို့အတွက် မေမေတစ်ယောက်အနေနဲ့ အာဟာရ ပြည့်ဝအောင် စားသုံးဖို့ လိုပါမယ်။ ဒီလို စားသုံးတဲ့အခါ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်တွေ ပြည့်ဝစွာ ရရှိအောင် ဂရုစိုက်ဖို့ လိုပါမယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ရင်သွေးလေးပါ ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေကို ဖြည့်တင်းပေးနိုင်မယ့် ပေါ့ပေါ့ပါးပါး စားစရာလေးတစ်မျိုး ရှိပါတယ်။ ဒါကတော့ အစေ့အဆန်တွေပါ။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အစေ့အဆန်တွေစားရမလဲ? ကိုယ်ဝန်ဆောင်ချိန်ရင် အစေ့အဆန် စားပေးရင် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲ? ဆောင်းပါးလေးထဲက သတင်းကောင်းပါးလိုက်ပါရစေ။
ကိုယ်ဝန်ဆောင်ချိန်မှာ အစေ့အဆန် စားပေးတာက ကောင်းကျိုးများလား?
ကိုယ်ဝန်ဆောင်ချိန်မှာ အစေ့အဆန်တွေ စားပေးတာက မိခင်ရော ရင်သွေးလေးအတွက်ပါ ကောင်းကျိုးများစေပါတယ်။ ဒီလို ပြောရတာက အစေ့အဆန်တွေက ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေးကို ဖန်တီးပေးနိုင်မယ့် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်နေတာကြောင့်ပါ။
အစေ့အဆန်တွေမှာ ရင်သွေးလေးကို ကြီးထွားစေဖို့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးတဲ့ အိုမီဂါသရီး၊ ရင်သွေးလေးရဲ့ အမြင်အာရုံ နဲ့ အာရုံကြောတွေ ကျန်းမာစေဖို့ လိုအပ်တဲ့ ဖောလစ်အက်ဆစ်၊ မိခင်ရော ကလေးကိုပါ ကျန်းမာစေနိုင်တဲ့ manganese၊ မဂ္ဂနီဆီယမ်၊ ကော့ပါး၊ ဗီတာမင် ကေ တို့ ပါဝင်နေပါတယ်။
နောက်တစ်ခုကတော့ ကိုယ်ခံအားကို အားဖြည့်ပေးပြီး အရိုးနဲ့ ကြွက်သားတွေ သန်မာစေတဲ့ ပရိုတင်းပါဝင်နေတာပါ. အစေ့အဆန်တွေမှာ ဗီတာမင် ဘီအုပ်စု ပါဝင်နေတာကလည်း မေမေရော ကလေးလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ နောက်တစ်မျိုးကတော့ အရေပြားပြဿနာ ကင်းစေပြီး ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် စီ ပါဝင်နေတာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားနည်းနေတဲ့ မေမေတွေကို ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးသလို ကိုယ်ဝန်ဆောင်ချိန် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းအဆီများတာ၊ ဆီးချိုဖြစ်တာတွေ မဖြစ်အောင်လည်း ထောက်ကူပေးပါတယ်။
စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်ဖြစ်တာတွေ မဖြစ်အောင် ကာကွယ်ပေးတာက လမစေ့ဘဲမွေးဖွားတာ၊ ပေါင်မပြည့်ဘဲ မွေးဖွားတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရင်သွေးလေးမှာ မွေးရာပါချို့ယွင်းချက် မဖြစ်အောင် ကာကွယ်ပေးပါတယ်။
အရိုးအဆစ်တွေ နာကျင်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို သွေးအားနည်းတာ၊ သွေးတိုးတာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ပျို့အန်တာကို သက်သာစေတယ်။ ကိုယ်ဝန်ကြောင့် အဝလွန်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
အမျှင်ဓာတ် ပါဝင်နေမှုကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ဝမ်းချုပ်တာကို မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ရင်သွေးလေးရဲ့ကိုယ်ခံအားကိုလည်း မြင့်တက်စေဖို့ ထောက်ကူပေးပါသေးတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးသင့်တဲ့ အစေ့အဆန်တွေက ဘာတွေ ဖြစ်မလဲ?
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့အနေနဲ့
- Chia Seeds
- ဖရုံစေ့
- နေကြာစေ့
- ကွာစေ့ စတာတွေကို စားပေးလို့ ရပါတယ်။
ဒီလို စားပေးတဲ့အခါမှာ တစ်နေ့တာကို လက်တစ်ဆုပ်ထက် မပိုတဲ့ ပမာဏ စားပေးရမှာပါ။ အရမ်းများများစားတာက တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာကြောင့်ပါ။
အစေ့အဆန်တွေကို သဘာဝအရသာအတိုင်း စားပေးဖို့ကလည်း မေ့ထားလို့ မရပါဘူး။ အစေ့အဆန်တော့ စားပါရဲ့။ အချိုတွေ အငန်တွေ လွန်ကဲစွာ ဖြည့်စွက်ထားတာကို စားမယ်ဆိုရင် ကိုယ်ဝန်ဆောင် သွေးတိုး၊ ကိုယ်ဝန်ဆောင် ဆီးချို စတာတွေကို ခံစားရနိုင်ပါတယ်။
ရေးသားသူ - မွန်မွန်